Saturday, October 3, 2015

ပျော်ရွှင်ခြင်းပန်းတွေက ကျွန်တော်နဲ့ဝေးတဲ့အရပ်မှာပွင့်တယ်



ဘာ့ကြောင့်မှန်းမသိဘူး ထူးထူးဆန်းဆန်း ကျွန်တော့်ရင်တွေခုန်တယ် ။ သာမာန်အနေအထားမျိုးနဲ့ မမ လျှောက်လာခဲ့တာ ။ အိပ်ရာဝင်ပုံပြင်တွေထဲက မင်းသမီးလေး ကိုယ့်မျက်စိရှေ့ကိုရောက်လာသလို ၊ အသက်ကို ဖျတ်ခနဲ တစ်ချက်ရှူရုံနဲ့ နောက်ဆယ်ဘ၀စာ လုံလောက်သွားခဲ့ပြီ ။ ကျွန်တော် သေသေချာချာ သိမ်းဆည်းခဲ့တယ် ။ မကြားဘူးတဲ့ အသံလေးကို တစ်ယောက်တည်း ချီးမွမ်းခန်းတွေဖွင့်ရင်း ကိုယ်ကြိုက်တဲ့ လက်ဖက်ရည်တွေတောင် အေးစက်ကုန်တဲ့အထိ ဂုဏ်တော်အထပ်ထပ်နဲ့ ထပ်ပတ်နေမိတယ် ။ ကျွန်တော်နေကောင်းပါတယ်နော်လို့ သူငယ်ချင်းတွေက ပြောတယ် ။ ခံစားမှုတွေနဲ့ ကင်းကွာစပြုနေတာ မမနဲ့ စတွေ့တဲ့အချိန်ထဲကလို့တော့ ကျွန်တော်ပြန်ပြောလိုက်ပါတယ် ။ ကျွန်တော့်ကိုယ်စောင့်နတ်ကတော့ နှာခေါင်းရှုံ့ရင်း ပါးစပ်ကလည်း ဘာတွေမှန်းမသိဘူး တစ်တွတ်တွတ်နဲ့ မြည်တွန်တောက်တီးနေတော့တာပဲ ။ သူ့ကိုယ်လည်း ဂရုစိုက်မအားပါဘူး ။ အသက်ရှင်ခြင်းက မမအကြောင်းတွေနဲ့ပဲ လုံလောက်နေပြီပဲ ။ ဘာဆိုဘာမှလည်း ကျွန်တော့်အသက်ရှင်ခြင်းအတွက် အထောက်အပံ့တစ်စုံတစ်ရာမှ မပေးစွမ်းနိုင်တော့ပါဘူး ။ မမ လာနေကျလမ်းလေးဟာ ကျွန်တော့်မျှော်လင့်ခြင်းတွေရဲ့ ရင်ငွေ့ကိုလှုံတယ် ။ အနားတစ်ဝိုက်က သစ်ပင်တွေက မမရဲ့ အလှတရားနဲ့ စိမ်းလန်းနေတယ် ။ ပတ်ဝန်းကျင်ဆိုတဲ့ ဝေါဟာရမှာ ကျွန်တော်က မမတစ်ယောက်တည်းကိုပဲ မြင်နေမိပါတယ် ။ ကျွန်တော် ရင်တွေခုန်တယ် ။ အရက်မသောက်ဘဲ ၊ နှလုံးရောဂါမရှိဘဲ ကျွန်တော်ဟာ မမအကြောင်းတွေ တွေးလိုက်တာနဲ့ ပြင်းပြင်းထန်ထန် ရင်တွေခုန်နေတော့တာပဲ ။ မနက်ခင်းတွေက မမရဲ့ အကြောင်းအရာတွေနဲ့ ကျွန်တော့်ဆီ ၀င်လာတယ် ။ ညတွေရဲ့ ကောင်းကင်ယံက မမရဲ့ ပုံရိပ်တွေနဲ့ လင်းပ နေကြတယ် ။ ကြယ်တွေ က မမရဲ့ တည်ရှိခြင်းနဲ့ တဖျတ်ဖျတ်ထက် ပိုပြီးလက်တယ် ။ လမင်းလည်း မမရဲ့ အလင်းကိုမှီပြီး ကမ္ဘာကို ပြန်အလင်းမျှဝေပေးနေတယ် ။ မမအတွက် ကျွန်တော် ဂုဏ်ယူပါတယ် ။ ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းဆိုတာ မမရဲ့ အသက်ရှူသံတွေကြားမှာ ကိန်းဝပ်နေပါတယ် မမ ။ ကျွန်တော် လမ်းတွေလျှောက်ရင်း မမရဲ့ အတွေးတွေထဲမှ ခဏခဏ လမ်းပျောက်ပျောက်နေရတယ် ။ ကျွန်တော်က မျှော်လင့်ချက်တွေကိုသာ ရဲဆေးတင်ခဲ့မိတဲ့ကောင်ပါ မမ ။ မရေးရသေးတဲ့သီချင်းတွေထဲမှာသာ သံစဉ်တွေလှပနေရပြီး စစ်ပွဲတွေမဖြစ်တဲ့ကမ္ဘာမှာ ကျည်ဆံခွံလိုက်ကောက်နေမိတဲ့ကောင်ပေါ့ ။ ကျွန်တော့်ရှေ့မှာ စွန်တစ်စင်းအသက်ကုန်သွားတယ် ။ လေပြည်ညှင်းတွေလည်း လေမုန်တိုင်းတွေနဲ့ မင်္ဂလာဆောင်သွားပြီ ။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တစ်ယောက်တည်း ထိုင်ကြည့်နေရသလို ကျွန်တော့်ရဲ့အဖြစ်ကို ကိုယ်စောင့်နတ်တောင် မသိလိုက်ဘူး မမ ။ ကံကြမ္မာက ကျီစယ်ရုံသက်သက် အပျော်သဘောနဲ့ စနောက်လိုက်တယ်ထင်တယ် ။ ကျွန်တော်ရှေ့တည့်တည်မှာပဲ ဗြုန်းစားကြီး နေထကြတ်တယ် ။ ကားတွေပိတ်ကုန်လို့ လမ်းဆင်းလျှောက်လည်း လူတွေနဲ့ ပိတ်နေတယ် ။ မမကိုတော့ မြင်နေရတယ် ။ ဘယ်လောက်အကွာအဝေးမှာပဲ မမရှိနေနေ ကျွန်တော့်မျက်လုံးတွေထဲမှာ အမြဲ မြင်နေ တွေ့နေရပါတယ် ။
အမြဲလည်း ရင်တွေခုန်နေမိပါတယ် မမရယ် ။ ဒါတွေ မမ မသိခဲ့ပါဘူး မမ ။  ညစဉ်ညတိုင်းလည်း အိပ်မက်တွေ မက်နေမိတယ် ။ ကျွန်တော်မတွေးဘဲ သိနေတဲ့ တစ်ခုတည်းသောအကြောင်းအရာက မမပေါ့ ။ ကျွန်တော်က စိတ်ကြမ်းပါတယ် ။ ဆန်ကျင်ဘက်ဆန်ဆန်ပဲ နှလုံးသားက နုတယ် ။ ရုပ်ကြမ်းကြီးနဲ့ နွဲ့တယ်လို့ပဲပြောပြော ။ မမနဲ့ပက်သက်လာရင် စိတ်မခိုင်တတ်တာက ဘယ်ဘ၀ရဲ့ဝဋ်ကြွေးလဲတော့မသိဘူး ။ စစ်မတိုက်ခင်ကတည်းက ရှုံးနေမိတဲ့ကောင်ပေါ့ ။ အလံဖြူတော့မပြချင်ဘူးမမ ။ ချစ်ခြင်းမေတ္တာကိုပဲ ဖလှယ်မှုပြုချင်ပါတယ် ။ နေ့ကောင်းရက်မြတ်သာမသာ ကျွန်တော်မသိပါဘူး ။ ချစ်တာတစ်ခုတည်းကိုပဲ မကျက်ပဲ အလွတ်ရနေမိတဲ့ကောင်ပါ ။ ဆယ်တန်းမှာ ဂုဏ်ထူးမထွက်ခဲ့ပေမယ့် ဂုဏ်ထူးထွက်လောက်အောင် သတိရခြင်းအကြောင်းတရားတွေက သာလွန်များပြားတယ် ။ တစ်ယောက်တည်း လမ်းလျှောက်ရင်း ဘေးချင်းကပ်အနေအထားမှာ မမရှိနေတယ်ဆိုပြီး စိတ်ကူးကြည့်တယ် ။ လမိုက်ညရဲ့ကောင်းကင်ဟာ လပြည့်ညကိုကျော်လွန်ပြီး လင်းလာလိုက်တာ ။ အိပ်စက်နေတဲ့ကြယ်တွေပါ တစ်ပြိုင်နက်တည်း မျက်စိဖွင့်လာကြတယ် ။ လမ်းပေါ်ကကလေးတွေက ဆော့မြဲအတိုင်း ဆော့နေကြတယ် ။ ကျွန်တော် ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ပြုံးမိတယ် ။ မနက်ဖြန်ကိုမောင်းနှင်တဲ့အင်ဂျင်ဟာ ဒီနေ့နဲ့ လည်ပတ်နေခဲ့ပါပြီ မမ ။ ဒါပေမယ့်လည်း မမရယ်… ကြယ်အကြွေစောင့်ရင်း အုန်းသီးကြွေကြမျိုးတော့ ဘယ်သူမှ မလိုချင်ကြပါဘူးလေ ။ ကျွန်တော်ဟာ အုတ်တစ်ချပ်တောင်မရှိဘဲ မျှော်လင့်ချက်တွေနဲ့ပဲ တိုက်ဆောက်နေမိတဲ့ကောင်ပါ ။ လိုအပ်နေတဲ့သဲပွင့်နေရာမှာ မမရဲ့ အမုန်းတရားတွေကို အစားထိုးခဲ့မိတဲ့ကောင်ပေါ့ ။ မျှော်လင့်မိတဲ့အရာတွေက မမျှော်လင့်ခဲ့တဲ့ လမ်းတွေကို ဖြတ်သန်းမောင်းနှင်လာတယ် ။ ကျွန်တော့်နှလုံးသားကိုမှ ဦးတည်ပြီး သူတို့မောင်းနှင်လာတယ် ။ ကျွန်တော် မရှောင်မိဘူး မမ ။ ဝေဒနာဆိုတာ ခံသင့်တဲ့အချိန်မှာသာ ခံရတတ်တယ် ဆိုတာ ကျွန်တော် သိပါတယ် မမ ။ ရှောင်ပြေးလည်း မလွတ်နိုင်လောက်အောင် မမ ဆိုတဲ့ ကျော့ကွင်းထဲမှာ ကျေကျေနပ်နပ်ကြီး အမိခံခဲ့တဲ့သားကောင်ပေါ့ ။ ကျွန်တော် ပျော်ပါတယ် မမ ။ မမရဲ့ တကယ့်စိတ်ချမ်းသာနေတဲ့အပြုံးတွေကို မြင်လိုက်ရတဲ့အတွက် ကျွန်တော် တကယ်ပျော်ပါတယ် ။ မမရဲ့ လက်မှာ ကျွန်တော်တစ်ခါမှ မမြင်ဘူးတဲ့ အမျိုးသားလက်တစ်ဖက်ဟာ ကျွန်တော့်ရင်တစ်ခုတည်းသာ ပေါက်ကွဲစေနိုင်တဲ့ နျူကလီးယားပေါ့ ။ ကျွန်တော်မငိုခဲ့ပါဘူး မမ ။ ကျွန်တော့်နှလုံးသားကသာ မျက်ရည်မြစ်ထဲက ခေါင်းမဖော်နိုင်တာ ။ မျှော်လင့်ခြင်းတွေနဲ့ တည်ခဲ့တဲ့ ဥယျာဉ်ဟာ နာကျင်ခြင်းတွေရဲ့ ပိုင်နက်ထဲမှာ စွင့်စွင့်ကားကားပဲ ဖူးပွင့်လာပါတယ် ။ ကျွန်တော်ဟာ ဥယျာဉ်မှူးကောင်းမပီသခဲ့ပါဘူး မမ ။ မျှော်လင့်ချက်တွေနဲ့ ပျံဝဲလာတဲ့ လိပ်ပြာတွေကိုတော့ အားနာနေမိတယ် ။ ဖြစ်နိုင်ရင် သူတို့အတွက် သီးသန့် ပန်းတစ်ခင်းပျိုးပေးချင်ပါတယ် ။ အဲ့ဒီအခါကျရင် နာကျင်ခြင်းတွေကို အကုန် ဖယ်ထုတ်ပစ်မယ် ။ လောလောဆယ်တော့ ကျွန်တော် ငိုချင်လာမိတယ် ။ ဗြုန်းစားကြီး ကျွန်တော့် အိပ်မက်တွေဟာ လမိုက်ညတွေနဲ့ ငယ်ပေါင်းကြီးဖော်တွေ ဖြစ်သွားတယ် ။ မနက်ခင်းတွေကို ကျွန်တော် တံခါးပိတ်ထားလိုက်ပါတယ် ။ ညခင်းတွေနဲ့ နေ့တိုင်း ပုလင်းချင်းတိုက်မိတယ် ။ အသဲကွဲခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ ကျွန်တော်ဟာ ထမင်းစားဖို့တောင် မအားလပ်တော့ပါဘူး ။ အခန်းတံခါးကို ပိတ်ထားတယ် ။ ပြတင်းပေါက်တွေကို မဖွင့်ဖြစ်ဘူး ။ ကျွန်တော့် လူငယ်ဘ၀ဟာ အမှောင်တွေနဲ့သာ ယဉ်ပါးခဲ့ပါတယ် ။ မမပျော်နေတာမြင်တဲ့အတွက်တော့ ကျွန်တော် တကယ်ပျော်မိပါတယ် ။ ကျွန်တော်ဝန်ခံပါတယ် မမ ။ မမရဲ့ အပျော်တွေကြားမှာ ကျွန်တော့်ရဲ့ အတ္တတွေ လုံးပါးပါးခဲ့ပါတယ် ။ မီးပြတ်တဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် လကမိုက်နေခဲ့တယ် ။ ကျွန်တော့်မှာလည်း ထွန်းညှိစရာ ဘာတစ်ခုမှ မရှိတဲ့အတွက် ကျွန်တော့်အခန်းဟာ မှောင်နေပါတယ် ။ တစ်ခြားသူတွေထက်ကို ပိုမှောင်နေရပါတယ် ။ ခုတင်ပေါ်ပစ်လှဲလိုက်လည်း သတိရခြင်းတွေက ခေါင်းထောင်ထောင်နေကြတော့ ခက်ပါတယ် ။ ကျွန်တော်အိပ်မပျော်ဘူး မမ ။ မမရဲ့ ညစဉ်ညတိုင်း ကောင်းသောညဖြစ်ပါစေ ။ မနက်ခင်းတွေတိုင်းလည်း ကြည်လင်အေးချမ်းနေပါစေ
မမရေ ….. ။        

-ကြည်နိုင်ဝင်း
August 14
 2015
11:56 PM
( ဟင်္သာတ )

No comments:

Post a Comment