ပျော်ရွှင်ခြင်းတွေ
ပက်လက်လန်သွားလောက်အောင် မေ့မရခြင်းတွေက ကျွန်တော့်ကို
လာလာတိုက်ခိုက်နေတယ်
။ မျက်လုံးတွေမဖွင့်လည်း မြင်ခွင့်ရှိသမျှ မြင်နေရတယ် ။
တစ်ယောက်နဲ့တစ်ယောက်
မကြင်နာကြတာဟာ လမိုက်ညတွေကို ပိုအင်အားကောင်းလာစေတယ် မနှင်းဆီ ။
ကျွန်တော်အပြင်ထွက်တိုင်း
စိတ်တွေ လိုက်မလာကြဘူး ။ ရယ်သံကင်းမဲ့ဇုန်တွေမှာ ကျွန်တော့်နာမည်နဲ့
ကုန်ပစ္စည်းအသစ်တစ်မျိုး
ထုတ်ချင်တယ်ပြောတယ် ။ ဘယ်လောက်ပဲ အော်ရယ်ပြ ရယ်ပြ သူတို့
လက်မခံကြဘူး
။ ကမ်းလှမ်းမှုအဖြစ် ရယ်သံစစ်စစ်တွေနဲ့ မွမ်းမံထားတဲ့ ပန်းချီကား တစ်ချပ် ၊
ကျူးဘားဆေးပြင်းလိပ်တစ်လိပ်
၊ စိတ်ရှိသလောက်သွားနိုင်တဲ့ ခရီးတွေ ။
တစ်သက်စာ
ထုတ်လုပ်ခွင့်သာ ပေးပါ ။ နောက်ဆယ်သက်ထိ
သူတို့ တာဝန်ယူပါတယ်လို့ပြောတယ်
။
ကျွန်တော်က
ဆေးစက်ကျရာ အရုပ်ထင်ချင်တဲ့ကောင်မျိုးပါ မနှင်းဆီ ။
ပုလင်းခွံအလွတ်တွေသာ
များလာတာ မျှော်လင့်ထားတဲ့ ပုံတစ်ပုံ ဖြစ်မြောက်အောင်
အသက်မသွင်းနိုင်သေးဘူး
။ ကျွန်တော့်ကို လှောင်ပါ ။ စကားလုံးတွေနဲ့ တိုက်ဆောက်တဲ့ကောင်လို့
ပြောပါ ။
မနှင်းဆီရဲ့ အပြုံးတွေနဲ့ပဲ တစ်သံသရာစာ နေသားကျချင်တဲ့ကောင်ပါ ။
ပြည်ဝင်ခွင့်ကိုင်ဆောင်ထားလည်း
ပေါ်တင်ချမပြရဲဘူး မနှင်းဆီ ။
ဘယ်ဘာသာ ။
ဘာလူမျိုး ဆိုတာ သိပ်အရေးမကြီးဘူး ။ ကမ္ဘာဦးလူလို့သာ ကျွန်တော့်ကို မြင်ပေးပါ မနှင်းဆီ
။
ကျွန်တော်
ရဲရဲကြီး လျှောက်လာခဲ့မယ် ။ ကျွန်တော့်ကို မစောင့်ပါနဲ့ ။ ကျွန်တော့်ဘာသာ
မှီအောင်လိုက်လာခဲ့မယ်
။ ခြေလျင်တစ်လှည့် ပြေးတစ်လှည့်… ဘာပဲ ဖြစ်ဖြစ် ရောက်အောင်လာမယ် ။
ပွင့်လင်းရာသီတွေ
မပွင့်မလင်း ဖြစ်နေတာဟာ သတ္တ၀ါတွေအတွက် အသက်ရှူမ၀စေဘူး မနှင်းဆီ ။
ဆောင်းရဲ့အသက်ရှူသံတွေနဲ့
မိုးရေထဲ လျှောက်နေရင်း
ကျွန်တော့်ရင်ဝဲဘက်အုံမှာ
လျှပ်စီးတစ်ဖျတ်ဖျတ်လတ်တယ် ။
ဗွက်ထနေတဲ့လမ်းတွေဟာ
ကျွန်တော့်စိတ်တွေရဲ့ အတွင်းသားတွေကနေ ပေါက်ဖွားလာကြတာပါ ။
လူတွေက တစ်လှမ်းချင်း
လှမ်းသွားတယ် ။ ကားတွေက တစ်ဘီးချင်း လှိမ့်သွားတယ် ။
ခေါက်တုံ့ခေါက်ပြန်
၊ မရပ်မနား ၊ မမောနိုင် မပန်းနိုင် သူတို့ ဖြတ်သန်းနေကြတယ် ။
တွေ့နေကျ
လူတွေကသာ မမြဲတာပါ မနှင်းဆီ ။
သောက်နေကျ
ဆေးအရေအတွက်က တစ်နေ့တစ်ခြား ပိုပိုများလာတယ် ။
ခင်ဗျားရဲ့
ဖြစ်တည်မှုမှာ ကျွန်တော်ဟာ ဖြတ်သန်းသွားလာခွင့်မရှိတဲ့ သူပါ မနှင်းဆီ ။
ထိပ်တိုက်တွေ့ဆုံခြင်းတွေအတွက်
အခွင့်မရှိပေမယ့် စိတ်ကူးနေခွင့်တော့ ကျွန်တော့်ကိုပေးပါ ။
အထီးကျန်ခြင်းရဲ့
နယ်နမိတ်ထဲ ကျွန်တော် ကျပျောက်မသွားခင်အထိ
မနှင်းဆီအကြောင်းတွေချည်း
တွေးနေမယ် ။
ခင်ဗျားကို
ခင်ဗျား သေချာ ဂရုစိုက်ပါ မနှင်းဆီ ။
ကျွန်တော်ကတော့
ရှေ့လျှောက် ဘာဆက်ဖြစ်မယ် မသေချာဘူး ။
မနက်ဖြန်ရောက်ရင်
ဒီနေ့ဟာ ပုံပြင်တစ်ပုဒ် ဖြစ်သွားမယ်ဆိုတာ
ခင်ဗျားရော
ကျွန်တော်ရော သေချာသိခဲ့ကြတာပဲမဟုတ်လား ။
နေသာသလိုသာ
နေပါ ။ သွားရင်းလာရင်း ငိုနေတဲ့ သူတွေကို တွေ့တဲ့အခါ
ကျွန်တော့်ကို
သတိရပေးပါ ။ ညကြီးညနက်ထဲ အိပ်မက်ထဲ လမ်းပျောက်နေတဲ့အခါတွေတိုင်း
ကျွန်တော့်ဆီ
ဖုန်းဆက်ပါ ။ နောက်မကျတဲ့ ခြေထောက်တွေနဲ့
ဘယ်ဘ၀ရောက်ရောက်
အပြေးရောက်လာမယ် ။
ဖယောင်းတိုင်မီးကို
ကြည့်ရင်း လျှပ်စစ်မီးရောင်အောက်မှာ ထိုင်နေလည်း
ကျွန်တော့်ကို
လူတွေမမြင်ကြဘူး မနှင်းဆီ ။ ခင်ဗျားကတော့ သတိတောင်ထားမိမှာ မဟုတ်ပါဘူး ။
ကျွန်တော်ဆိုတဲ့သီချင်းတွေမှာ
ကျွန်တော့်စိတ္တဇတွေ ပါ,ပါတယ် ။
မြဲခြင်း
/ မမြဲခြင်း တရားသဘောကို ကျွန်တော်လက်မခံချင်ဘဲ ကျွန်တော်ကိုယ်တိုင်
လက်မှတ်ထိုးပေးလိုက်ရတယ်
။
တွေ့ / ဆုံ
/ ကြုံ / ကွဲ ဖြစ်မြဲအချင်းအရာတွေနဲ့ ကျွန်တော်နဲ့ ပနံမသင့်တာလည်း ကြာပါပြီ ။
စာရွက်အလွတ်တွေထဲ
စကားလုံးတွေ ကူးခတ်နေတယ် ။
ဘယ်လိုဖမ်းဖမ်း
မမိဘူး မနှင်းဆီ ။ ခင်ဗျားရဲ့ အသံနဲ့ နိုးထချင်တဲ့ မနက်ခင်းတွေ
ကျွန်တော့်ကမ္ဘာကို
ရောက်မလာကြဘူး ။
ငှက်ကလေးတွေရဲ့အသံလည်း
နားဝင်မချိုစေတော့ဘူး မနှင်းဆီ ။
လူပိုတစ်ယောက်အဖြစ်
ကူးခတ်နေတဲ့ ကျွန်တော့်ကိုကြည့်ရင်း ပင်လယ်ကြီးတောင် ဖျားနာနေရပြီ ။ ။
-ကြည်နိုင်ဝင်း
August
19
2015
5:16 PM
No comments:
Post a Comment