ပင်လယ်ပြင်အောက်ကနေ
လူသားရဲ့အိတ်ကပ်လေးထဲ ရွှေငါးလေးတစ်ကောင်ခုန်ဝင်လာမှာကို မျှော်လင့်မိတယ်။
အရောင်မွဲရှပ်အင်္ကျီမှာ အိတ်ကပ်က ပါမလာတော့ သူ့အတိုင်းဘဲ ထားထားလိုက်တယ်။
ရွေ့လျားနေတဲ့သဗ္ဗန်ကလေးကိုကြည့်မိတော့ လှော်တက်ဟာ မြစ်ကို စိတ်လိုလက်ရ
ထိုးချေနေလိုက်တာ။ သူ့ခင်ဗျာ နံရိုးတွေတောင် ဟိုတစ်စ ဒီတစ်စ
ပြန်လိုက်ကောက်နေရတယ်။ ခရီးမဆုံးမီ လမ်းဆုံးနေတော့ တောင်နံရံကို
ကျော်တက်ရမယ့်အစား ထွင်းဖောက်ပြီးသာ ဖြတ်သန်းလိုက်ချင်တယ်။ စိတ်ရဲ့
သံမဏိစူးသွားများ။ မာကျောခက်ထန်တယ်ထင်ရတဲ့ မျက်နှာတိမျက်နှာထားများ။
ဘာပဲဖြစ်ဖြစ် လိုက်ပြီးသားပဲဆိုတဲ့ ကိုယ်လက်အစိတ်အပိုင်းများ။ အလင်းရဲ့
မျက်နှာသာပေးမှုဟာ ငါ့ရှိတဲ့ဘက်ကို မရောက်ခင်ထိ အယောင်ဆောင်ခြင်းအတတ်မှာ
ငါပျော်မွေ့ပါရစေ။ မြို့ပြရဲ့လူနေမှုစနစ်ဟာ နာရီတစ်ပတ်နဲ့တစ်ပတ်ကြား
တစ်သီးပုဂ္ဂလဆန်လာတော့ ကိုယ့်ခြေထောက်နဲ့ကိုယ်သာ ဆက်ရစ်ပတ်ရင်း
အ၀ါရောင်ပန်းတစ်ပွင့်ကို စိတ်အရောင်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အသက်ရှူရတာဟာ
မိရိုးဖလာမဆန်လိုက်တာကွာ။ မွှေလက်စဇွန်းက ဘယ်လောက်ထိခရီးပေါက်လဲတော့မသိ။
ငါ့စိတ်တစ်ခုလုံး ဇကာပေါက်တွေခြေချင်းလိမ်နေလို့ တစ်ခုခုကို
စိုးထိတ်မိသွားတယ်။
မျက်လုံးတွေမှိတ်ထားလည်း
အာရုံတွေအလုပ်ရှုပ်နေတုန်းပဲ။ ခုချိန်မှာ တစ်ခုခုကို
နက်နက်နဲနဲတွေးကြည့်ချင်လာတယ်။ နာရီကို ခဏရပ်ထားရင်း ဒိုင်ယာရီမှာ
တကယ်မရှိခြင်းအကြောင်း တကယ်ရှိသလိုရေးကြည့်တယ်။ လွင့်ပျံ့နေတဲ့ လေထဲကဂီတက
သူ့မှာ နုတ်အတုသာရှိကြောင်း။ အသံမထွက်ဘဲ လှမ်းပြောတော့
ငူတူတူအကြည့်တစ်ချက်နဲ့ ပြန်ခေါင်းငြိမ့်မိတယ်။ ပါးစပ်ထဲရှိတဲ့
စကားလုံးမဟုတ်တဲ့စကားလုံးတွေကို လက်ဆောင်အနေနဲ့ ပြန်ပေးတော့
ဟာမိုနီတစ်ကောင်ဟာ ကျားယောင်ဆောင်ပြီး ကခုန်တယ်။ ငါ စိတ်လွတ်ကိုယ်လွတ်
ရယ်မောမိတယ်။ ရယ်သံတွေက အထက်ဘ၀ဂ် အောက်အ၀ီစိတိုင် ပဲ့တင်ထပ်သွားလိုက်တာ
နောက်ဆုံး မွေးကင်းစကလေး ငိုသံကြားမှ အသိဟာ ငါ့ဆီပြန်ရောက်လာတယ်။
နောက်ကျနေပြီလား။ သိပ်များစောလွန်းနေမလား။ ဖြတ်သန်းခဲ့တဲ့တစ်လျှောက်
ဘယ်အရိပ်ကိုမှ မခင်တွယ်ခဲ့ဘူး။ ဘယ်ရင်ခွင်ကိုမှ အတင်း ဆွဲမခေါ်ခဲ့ဘူး။
ပုံကျကုန်တဲ့ စကားလုံးအဟောင်းကြီးကို အသက်ပြည့်ပြီးသားစုံတွဲလေးက
လေလံထဆွဲတော့ ငါ့မှာ မပျော်တဲ့စိတ်နဲ့ ရယ်လိုက်ရတာ။ အတွေ့ရဲ့ခရီးမဆုံးမီ
ကြုံဆုံမှုလေးကို သူတို့ ခပ်တင်းတင်း ပွေ့ဖက်ထားတယ်။ ပခုံးတစ်ချက်တွန့်ရင်း
ဟန်ဆောင်ပြုံးတွေ ငါ့မျက်နှာပေါ် ခဏသက်ဆင်းခွင့်ပြုလိုက်တယ်။
အခါတော်တေးမဆုံးမီ ဘိသိတ်ဆရာ အသံဝင်သွားတော့ ဟိုစပ်စပ်ဒီစပ်စပ် တစ်ကောင်
စင်ပေါ်မှာ အသင့်နေရာယူတယ်။ အစရဲ့အစဟာ တကယ်တမ်းတော့ ဆုံးခဲ့တာကြာပြီ။
တီးလုံးသံတွေက ခန်းမအပြင်မှာ ပိုကျယ်နေတော့ အထဲမှာ လူတစ်ယောက်လေးတောင်
မကျန်ခဲ့ဘူး။ မြို့ထဲက စတိုးဆိုင်ကိုဝင်တယ်။
လမ်းဘေးပလက်ဖောင်းကိုဖြတ်လျှောက်ရင်း
ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်ကြည့်တော့ ဓါတ်ပုံတစ်ပုံက
ငါ့ကိုဝင်တိုက်သွားတယ်။ နာကျင်ခြင်းတွေထဲလည်း ကြည်နူးခြင်းတွေ
အလည်လာခွင့်ရှိတယ်ဆိုတာ ကိုယ်တိုင်ကြုံမှသာ ယုံရတော့တယ်။ ။
-ကြည်နိုင်ဝင်း
June 2
2015
3:18 AM
လမ်း
စာပေနှင့်အနုပညာ
အမှတ် ( ၂ ) ၊ စက်တင်ဘာ ၂၀၁၅
Kyi Naing Win
Saturday, October 3, 2015
ပျော်ရွှင်ခြင်းပန်းတွေက ကျွန်တော်နဲ့ဝေးတဲ့အရပ်မှာပွင့်တယ်
ဘာ့ကြောင့်မှန်းမသိဘူး
ထူးထူးဆန်းဆန်း ကျွန်တော့်ရင်တွေခုန်တယ် ။ သာမာန်အနေအထားမျိုးနဲ့ မမ လျှောက်လာခဲ့တာ
။ အိပ်ရာဝင်ပုံပြင်တွေထဲက မင်းသမီးလေး ကိုယ့်မျက်စိရှေ့ကိုရောက်လာသလို ၊ အသက်ကို
ဖျတ်ခနဲ တစ်ချက်ရှူရုံနဲ့ နောက်ဆယ်ဘ၀စာ လုံလောက်သွားခဲ့ပြီ ။ ကျွန်တော် သေသေချာချာ
သိမ်းဆည်းခဲ့တယ် ။ မကြားဘူးတဲ့ အသံလေးကို တစ်ယောက်တည်း ချီးမွမ်းခန်းတွေဖွင့်ရင်း ကိုယ်ကြိုက်တဲ့
လက်ဖက်ရည်တွေတောင် အေးစက်ကုန်တဲ့အထိ ဂုဏ်တော်အထပ်ထပ်နဲ့ ထပ်ပတ်နေမိတယ် ။ ကျွန်တော်နေကောင်းပါတယ်နော်လို့
သူငယ်ချင်းတွေက ပြောတယ် ။ ခံစားမှုတွေနဲ့ ကင်းကွာစပြုနေတာ မမနဲ့ စတွေ့တဲ့အချိန်ထဲကလို့တော့
ကျွန်တော်ပြန်ပြောလိုက်ပါတယ် ။ ကျွန်တော့်ကိုယ်စောင့်နတ်ကတော့ နှာခေါင်းရှုံ့ရင်း ပါးစပ်ကလည်း
ဘာတွေမှန်းမသိဘူး တစ်တွတ်တွတ်နဲ့ မြည်တွန်တောက်တီးနေတော့တာပဲ ။ သူ့ကိုယ်လည်း ဂရုစိုက်မအားပါဘူး
။ အသက်ရှင်ခြင်းက မမအကြောင်းတွေနဲ့ပဲ လုံလောက်နေပြီပဲ ။ ဘာဆိုဘာမှလည်း ကျွန်တော့်အသက်ရှင်ခြင်းအတွက်
အထောက်အပံ့တစ်စုံတစ်ရာမှ မပေးစွမ်းနိုင်တော့ပါဘူး ။ မမ လာနေကျလမ်းလေးဟာ ကျွန်တော့်မျှော်လင့်ခြင်းတွေရဲ့
ရင်ငွေ့ကိုလှုံတယ် ။ အနားတစ်ဝိုက်က သစ်ပင်တွေက မမရဲ့ အလှတရားနဲ့ စိမ်းလန်းနေတယ် ။ ပတ်ဝန်းကျင်ဆိုတဲ့
ဝေါဟာရမှာ ကျွန်တော်က မမတစ်ယောက်တည်းကိုပဲ မြင်နေမိပါတယ် ။ ကျွန်တော် ရင်တွေခုန်တယ်
။ အရက်မသောက်ဘဲ ၊ နှလုံးရောဂါမရှိဘဲ ကျွန်တော်ဟာ မမအကြောင်းတွေ တွေးလိုက်တာနဲ့ ပြင်းပြင်းထန်ထန်
ရင်တွေခုန်နေတော့တာပဲ ။ မနက်ခင်းတွေက မမရဲ့ အကြောင်းအရာတွေနဲ့ ကျွန်တော့်ဆီ ၀င်လာတယ်
။ ညတွေရဲ့ ကောင်းကင်ယံက မမရဲ့ ပုံရိပ်တွေနဲ့ လင်းပ နေကြတယ် ။ ကြယ်တွေ က မမရဲ့ တည်ရှိခြင်းနဲ့
တဖျတ်ဖျတ်ထက် ပိုပြီးလက်တယ် ။ လမင်းလည်း မမရဲ့ အလင်းကိုမှီပြီး ကမ္ဘာကို ပြန်အလင်းမျှဝေပေးနေတယ်
။ မမအတွက် ကျွန်တော် ဂုဏ်ယူပါတယ် ။ ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းဆိုတာ မမရဲ့ အသက်ရှူသံတွေကြားမှာ
ကိန်းဝပ်နေပါတယ် မမ ။ ကျွန်တော် လမ်းတွေလျှောက်ရင်း မမရဲ့ အတွေးတွေထဲမှ ခဏခဏ လမ်းပျောက်ပျောက်နေရတယ်
။ ကျွန်တော်က မျှော်လင့်ချက်တွေကိုသာ ရဲဆေးတင်ခဲ့မိတဲ့ကောင်ပါ မမ ။ မရေးရသေးတဲ့သီချင်းတွေထဲမှာသာ
သံစဉ်တွေလှပနေရပြီး စစ်ပွဲတွေမဖြစ်တဲ့ကမ္ဘာမှာ ကျည်ဆံခွံလိုက်ကောက်နေမိတဲ့ကောင်ပေါ့
။ ကျွန်တော့်ရှေ့မှာ စွန်တစ်စင်းအသက်ကုန်သွားတယ် ။ လေပြည်ညှင်းတွေလည်း လေမုန်တိုင်းတွေနဲ့
မင်္ဂလာဆောင်သွားပြီ ။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တစ်ယောက်တည်း ထိုင်ကြည့်နေရသလို ကျွန်တော့်ရဲ့အဖြစ်ကို
ကိုယ်စောင့်နတ်တောင် မသိလိုက်ဘူး မမ ။ ကံကြမ္မာက ကျီစယ်ရုံသက်သက် အပျော်သဘောနဲ့ စနောက်လိုက်တယ်ထင်တယ်
။ ကျွန်တော်ရှေ့တည့်တည်မှာပဲ ဗြုန်းစားကြီး နေထကြတ်တယ် ။ ကားတွေပိတ်ကုန်လို့ လမ်းဆင်းလျှောက်လည်း
လူတွေနဲ့ ပိတ်နေတယ် ။ မမကိုတော့ မြင်နေရတယ် ။ ဘယ်လောက်အကွာအဝေးမှာပဲ မမရှိနေနေ ကျွန်တော့်မျက်လုံးတွေထဲမှာ
အမြဲ မြင်နေ တွေ့နေရပါတယ် ။
အမြဲလည်း
ရင်တွေခုန်နေမိပါတယ် မမရယ် ။ ဒါတွေ မမ မသိခဲ့ပါဘူး မမ ။ ညစဉ်ညတိုင်းလည်း အိပ်မက်တွေ မက်နေမိတယ် ။ ကျွန်တော်မတွေးဘဲ
သိနေတဲ့ တစ်ခုတည်းသောအကြောင်းအရာက မမပေါ့ ။ ကျွန်တော်က စိတ်ကြမ်းပါတယ် ။ ဆန်ကျင်ဘက်ဆန်ဆန်ပဲ
နှလုံးသားက နုတယ် ။ ရုပ်ကြမ်းကြီးနဲ့ နွဲ့တယ်လို့ပဲပြောပြော ။ မမနဲ့ပက်သက်လာရင် စိတ်မခိုင်တတ်တာက
ဘယ်ဘ၀ရဲ့ဝဋ်ကြွေးလဲတော့မသိဘူး ။ စစ်မတိုက်ခင်ကတည်းက ရှုံးနေမိတဲ့ကောင်ပေါ့ ။ အလံဖြူတော့မပြချင်ဘူးမမ
။ ချစ်ခြင်းမေတ္တာကိုပဲ ဖလှယ်မှုပြုချင်ပါတယ် ။ နေ့ကောင်းရက်မြတ်သာမသာ ကျွန်တော်မသိပါဘူး
။ ချစ်တာတစ်ခုတည်းကိုပဲ မကျက်ပဲ အလွတ်ရနေမိတဲ့ကောင်ပါ ။ ဆယ်တန်းမှာ ဂုဏ်ထူးမထွက်ခဲ့ပေမယ့်
ဂုဏ်ထူးထွက်လောက်အောင် သတိရခြင်းအကြောင်းတရားတွေက သာလွန်များပြားတယ် ။ တစ်ယောက်တည်း
လမ်းလျှောက်ရင်း ဘေးချင်းကပ်အနေအထားမှာ မမရှိနေတယ်ဆိုပြီး စိတ်ကူးကြည့်တယ် ။ လမိုက်ညရဲ့ကောင်းကင်ဟာ
လပြည့်ညကိုကျော်လွန်ပြီး လင်းလာလိုက်တာ ။ အိပ်စက်နေတဲ့ကြယ်တွေပါ တစ်ပြိုင်နက်တည်း မျက်စိဖွင့်လာကြတယ်
။ လမ်းပေါ်ကကလေးတွေက ဆော့မြဲအတိုင်း ဆော့နေကြတယ် ။ ကျွန်တော် ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ
ပြုံးမိတယ် ။ မနက်ဖြန်ကိုမောင်းနှင်တဲ့အင်ဂျင်ဟာ ဒီနေ့နဲ့ လည်ပတ်နေခဲ့ပါပြီ မမ ။ ဒါပေမယ့်လည်း
မမရယ်… ကြယ်အကြွေစောင့်ရင်း အုန်းသီးကြွေကြမျိုးတော့ ဘယ်သူမှ မလိုချင်ကြပါဘူးလေ ။ ကျွန်တော်ဟာ
အုတ်တစ်ချပ်တောင်မရှိဘဲ မျှော်လင့်ချက်တွေနဲ့ပဲ တိုက်ဆောက်နေမိတဲ့ကောင်ပါ ။ လိုအပ်နေတဲ့သဲပွင့်နေရာမှာ
မမရဲ့ အမုန်းတရားတွေကို အစားထိုးခဲ့မိတဲ့ကောင်ပေါ့ ။ မျှော်လင့်မိတဲ့အရာတွေက မမျှော်လင့်ခဲ့တဲ့
လမ်းတွေကို ဖြတ်သန်းမောင်းနှင်လာတယ် ။ ကျွန်တော့်နှလုံးသားကိုမှ ဦးတည်ပြီး သူတို့မောင်းနှင်လာတယ်
။ ကျွန်တော် မရှောင်မိဘူး မမ ။ ဝေဒနာဆိုတာ ခံသင့်တဲ့အချိန်မှာသာ ခံရတတ်တယ် ဆိုတာ ကျွန်တော်
သိပါတယ် မမ ။ ရှောင်ပြေးလည်း မလွတ်နိုင်လောက်အောင် မမ ဆိုတဲ့ ကျော့ကွင်းထဲမှာ ကျေကျေနပ်နပ်ကြီး
အမိခံခဲ့တဲ့သားကောင်ပေါ့ ။ ကျွန်တော် ပျော်ပါတယ် မမ ။ မမရဲ့ တကယ့်စိတ်ချမ်းသာနေတဲ့အပြုံးတွေကို
မြင်လိုက်ရတဲ့အတွက် ကျွန်တော် တကယ်ပျော်ပါတယ် ။ မမရဲ့ လက်မှာ ကျွန်တော်တစ်ခါမှ မမြင်ဘူးတဲ့
အမျိုးသားလက်တစ်ဖက်ဟာ ကျွန်တော့်ရင်တစ်ခုတည်းသာ ပေါက်ကွဲစေနိုင်တဲ့ နျူကလီးယားပေါ့
။ ကျွန်တော်မငိုခဲ့ပါဘူး မမ ။ ကျွန်တော့်နှလုံးသားကသာ မျက်ရည်မြစ်ထဲက ခေါင်းမဖော်နိုင်တာ
။ မျှော်လင့်ခြင်းတွေနဲ့ တည်ခဲ့တဲ့ ဥယျာဉ်ဟာ နာကျင်ခြင်းတွေရဲ့ ပိုင်နက်ထဲမှာ စွင့်စွင့်ကားကားပဲ
ဖူးပွင့်လာပါတယ် ။ ကျွန်တော်ဟာ ဥယျာဉ်မှူးကောင်းမပီသခဲ့ပါဘူး မမ ။ မျှော်လင့်ချက်တွေနဲ့
ပျံဝဲလာတဲ့ လိပ်ပြာတွေကိုတော့ အားနာနေမိတယ် ။ ဖြစ်နိုင်ရင် သူတို့အတွက် သီးသန့် ပန်းတစ်ခင်းပျိုးပေးချင်ပါတယ်
။ အဲ့ဒီအခါကျရင် နာကျင်ခြင်းတွေကို အကုန် ဖယ်ထုတ်ပစ်မယ် ။ လောလောဆယ်တော့ ကျွန်တော်
ငိုချင်လာမိတယ် ။ ဗြုန်းစားကြီး ကျွန်တော့် အိပ်မက်တွေဟာ လမိုက်ညတွေနဲ့ ငယ်ပေါင်းကြီးဖော်တွေ
ဖြစ်သွားတယ် ။ မနက်ခင်းတွေကို ကျွန်တော် တံခါးပိတ်ထားလိုက်ပါတယ် ။ ညခင်းတွေနဲ့ နေ့တိုင်း
ပုလင်းချင်းတိုက်မိတယ် ။ အသဲကွဲခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ ကျွန်တော်ဟာ ထမင်းစားဖို့တောင်
မအားလပ်တော့ပါဘူး ။ အခန်းတံခါးကို ပိတ်ထားတယ် ။ ပြတင်းပေါက်တွေကို မဖွင့်ဖြစ်ဘူး ။
ကျွန်တော့် လူငယ်ဘ၀ဟာ အမှောင်တွေနဲ့သာ ယဉ်ပါးခဲ့ပါတယ် ။ မမပျော်နေတာမြင်တဲ့အတွက်တော့
ကျွန်တော် တကယ်ပျော်မိပါတယ် ။ ကျွန်တော်ဝန်ခံပါတယ် မမ ။ မမရဲ့ အပျော်တွေကြားမှာ ကျွန်တော့်ရဲ့
အတ္တတွေ လုံးပါးပါးခဲ့ပါတယ် ။ မီးပြတ်တဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် လကမိုက်နေခဲ့တယ်
။ ကျွန်တော့်မှာလည်း ထွန်းညှိစရာ ဘာတစ်ခုမှ မရှိတဲ့အတွက် ကျွန်တော့်အခန်းဟာ မှောင်နေပါတယ်
။ တစ်ခြားသူတွေထက်ကို ပိုမှောင်နေရပါတယ် ။ ခုတင်ပေါ်ပစ်လှဲလိုက်လည်း သတိရခြင်းတွေက ခေါင်းထောင်ထောင်နေကြတော့
ခက်ပါတယ် ။ ကျွန်တော်အိပ်မပျော်ဘူး မမ ။ မမရဲ့ ညစဉ်ညတိုင်း ကောင်းသောညဖြစ်ပါစေ ။ မနက်ခင်းတွေတိုင်းလည်း
ကြည်လင်အေးချမ်းနေပါစေ
မမရေ …..
။ ။
-ကြည်နိုင်ဝင်း
August
14
2015
11:56 PM
( ဟင်္သာတ
)
ကျွန်တော် နေလို့မကောင်းဘူး ၊ စိတ်တွေ အဖျားကြီး ဖျားတယ် မနှင်းဆီ
ပျော်ရွှင်ခြင်းတွေ
ပက်လက်လန်သွားလောက်အောင် မေ့မရခြင်းတွေက ကျွန်တော့်ကို
လာလာတိုက်ခိုက်နေတယ်
။ မျက်လုံးတွေမဖွင့်လည်း မြင်ခွင့်ရှိသမျှ မြင်နေရတယ် ။
တစ်ယောက်နဲ့တစ်ယောက်
မကြင်နာကြတာဟာ လမိုက်ညတွေကို ပိုအင်အားကောင်းလာစေတယ် မနှင်းဆီ ။
ကျွန်တော်အပြင်ထွက်တိုင်း
စိတ်တွေ လိုက်မလာကြဘူး ။ ရယ်သံကင်းမဲ့ဇုန်တွေမှာ ကျွန်တော့်နာမည်နဲ့
ကုန်ပစ္စည်းအသစ်တစ်မျိုး
ထုတ်ချင်တယ်ပြောတယ် ။ ဘယ်လောက်ပဲ အော်ရယ်ပြ ရယ်ပြ သူတို့
လက်မခံကြဘူး
။ ကမ်းလှမ်းမှုအဖြစ် ရယ်သံစစ်စစ်တွေနဲ့ မွမ်းမံထားတဲ့ ပန်းချီကား တစ်ချပ် ၊
ကျူးဘားဆေးပြင်းလိပ်တစ်လိပ်
၊ စိတ်ရှိသလောက်သွားနိုင်တဲ့ ခရီးတွေ ။
တစ်သက်စာ
ထုတ်လုပ်ခွင့်သာ ပေးပါ ။ နောက်ဆယ်သက်ထိ
သူတို့ တာဝန်ယူပါတယ်လို့ပြောတယ်
။
ကျွန်တော်က
ဆေးစက်ကျရာ အရုပ်ထင်ချင်တဲ့ကောင်မျိုးပါ မနှင်းဆီ ။
ပုလင်းခွံအလွတ်တွေသာ
များလာတာ မျှော်လင့်ထားတဲ့ ပုံတစ်ပုံ ဖြစ်မြောက်အောင်
အသက်မသွင်းနိုင်သေးဘူး
။ ကျွန်တော့်ကို လှောင်ပါ ။ စကားလုံးတွေနဲ့ တိုက်ဆောက်တဲ့ကောင်လို့
ပြောပါ ။
မနှင်းဆီရဲ့ အပြုံးတွေနဲ့ပဲ တစ်သံသရာစာ နေသားကျချင်တဲ့ကောင်ပါ ။
ပြည်ဝင်ခွင့်ကိုင်ဆောင်ထားလည်း
ပေါ်တင်ချမပြရဲဘူး မနှင်းဆီ ။
ဘယ်ဘာသာ ။
ဘာလူမျိုး ဆိုတာ သိပ်အရေးမကြီးဘူး ။ ကမ္ဘာဦးလူလို့သာ ကျွန်တော့်ကို မြင်ပေးပါ မနှင်းဆီ
။
ကျွန်တော်
ရဲရဲကြီး လျှောက်လာခဲ့မယ် ။ ကျွန်တော့်ကို မစောင့်ပါနဲ့ ။ ကျွန်တော့်ဘာသာ
မှီအောင်လိုက်လာခဲ့မယ်
။ ခြေလျင်တစ်လှည့် ပြေးတစ်လှည့်… ဘာပဲ ဖြစ်ဖြစ် ရောက်အောင်လာမယ် ။
ပွင့်လင်းရာသီတွေ
မပွင့်မလင်း ဖြစ်နေတာဟာ သတ္တ၀ါတွေအတွက် အသက်ရှူမ၀စေဘူး မနှင်းဆီ ။
ဆောင်းရဲ့အသက်ရှူသံတွေနဲ့
မိုးရေထဲ လျှောက်နေရင်း
ကျွန်တော့်ရင်ဝဲဘက်အုံမှာ
လျှပ်စီးတစ်ဖျတ်ဖျတ်လတ်တယ် ။
ဗွက်ထနေတဲ့လမ်းတွေဟာ
ကျွန်တော့်စိတ်တွေရဲ့ အတွင်းသားတွေကနေ ပေါက်ဖွားလာကြတာပါ ။
လူတွေက တစ်လှမ်းချင်း
လှမ်းသွားတယ် ။ ကားတွေက တစ်ဘီးချင်း လှိမ့်သွားတယ် ။
ခေါက်တုံ့ခေါက်ပြန်
၊ မရပ်မနား ၊ မမောနိုင် မပန်းနိုင် သူတို့ ဖြတ်သန်းနေကြတယ် ။
တွေ့နေကျ
လူတွေကသာ မမြဲတာပါ မနှင်းဆီ ။
သောက်နေကျ
ဆေးအရေအတွက်က တစ်နေ့တစ်ခြား ပိုပိုများလာတယ် ။
ခင်ဗျားရဲ့
ဖြစ်တည်မှုမှာ ကျွန်တော်ဟာ ဖြတ်သန်းသွားလာခွင့်မရှိတဲ့ သူပါ မနှင်းဆီ ။
ထိပ်တိုက်တွေ့ဆုံခြင်းတွေအတွက်
အခွင့်မရှိပေမယ့် စိတ်ကူးနေခွင့်တော့ ကျွန်တော့်ကိုပေးပါ ။
အထီးကျန်ခြင်းရဲ့
နယ်နမိတ်ထဲ ကျွန်တော် ကျပျောက်မသွားခင်အထိ
မနှင်းဆီအကြောင်းတွေချည်း
တွေးနေမယ် ။
ခင်ဗျားကို
ခင်ဗျား သေချာ ဂရုစိုက်ပါ မနှင်းဆီ ။
ကျွန်တော်ကတော့
ရှေ့လျှောက် ဘာဆက်ဖြစ်မယ် မသေချာဘူး ။
မနက်ဖြန်ရောက်ရင်
ဒီနေ့ဟာ ပုံပြင်တစ်ပုဒ် ဖြစ်သွားမယ်ဆိုတာ
ခင်ဗျားရော
ကျွန်တော်ရော သေချာသိခဲ့ကြတာပဲမဟုတ်လား ။
နေသာသလိုသာ
နေပါ ။ သွားရင်းလာရင်း ငိုနေတဲ့ သူတွေကို တွေ့တဲ့အခါ
ကျွန်တော့်ကို
သတိရပေးပါ ။ ညကြီးညနက်ထဲ အိပ်မက်ထဲ လမ်းပျောက်နေတဲ့အခါတွေတိုင်း
ကျွန်တော့်ဆီ
ဖုန်းဆက်ပါ ။ နောက်မကျတဲ့ ခြေထောက်တွေနဲ့
ဘယ်ဘ၀ရောက်ရောက်
အပြေးရောက်လာမယ် ။
ဖယောင်းတိုင်မီးကို
ကြည့်ရင်း လျှပ်စစ်မီးရောင်အောက်မှာ ထိုင်နေလည်း
ကျွန်တော့်ကို
လူတွေမမြင်ကြဘူး မနှင်းဆီ ။ ခင်ဗျားကတော့ သတိတောင်ထားမိမှာ မဟုတ်ပါဘူး ။
ကျွန်တော်ဆိုတဲ့သီချင်းတွေမှာ
ကျွန်တော့်စိတ္တဇတွေ ပါ,ပါတယ် ။
မြဲခြင်း
/ မမြဲခြင်း တရားသဘောကို ကျွန်တော်လက်မခံချင်ဘဲ ကျွန်တော်ကိုယ်တိုင်
လက်မှတ်ထိုးပေးလိုက်ရတယ်
။
တွေ့ / ဆုံ
/ ကြုံ / ကွဲ ဖြစ်မြဲအချင်းအရာတွေနဲ့ ကျွန်တော်နဲ့ ပနံမသင့်တာလည်း ကြာပါပြီ ။
စာရွက်အလွတ်တွေထဲ
စကားလုံးတွေ ကူးခတ်နေတယ် ။
ဘယ်လိုဖမ်းဖမ်း
မမိဘူး မနှင်းဆီ ။ ခင်ဗျားရဲ့ အသံနဲ့ နိုးထချင်တဲ့ မနက်ခင်းတွေ
ကျွန်တော့်ကမ္ဘာကို
ရောက်မလာကြဘူး ။
ငှက်ကလေးတွေရဲ့အသံလည်း
နားဝင်မချိုစေတော့ဘူး မနှင်းဆီ ။
လူပိုတစ်ယောက်အဖြစ်
ကူးခတ်နေတဲ့ ကျွန်တော့်ကိုကြည့်ရင်း ပင်လယ်ကြီးတောင် ဖျားနာနေရပြီ ။ ။
-ကြည်နိုင်ဝင်း
August
19
2015
5:16 PM
Subscribe to:
Posts (Atom)